Sunday, June 24, 2018

သာသနာပလူများနည်းတူ - အလုပ်အကိုင်/လုပ်ငန်းနှင့်ယုံကြည်သူများ (၀၆-၁၇-၂၀၁၈ Ro Ling Thang ကျမ်းစာလေ့လာခြင်းမှ)

၁။  ယုံကြည်သူများ အလုပ်လုပ်ကိုင်ရာမှာ သာသနာပလူများ(လောကီသားများ) ကဲ့သို့ စိတ်ထားများ မရှိုဖို့ရန် ကျမ်းစာအားဖြင့် ဆင်ခြင်စေချင်ပါသည်။ သာသနာပလူများက အလုပ်လုပ်မှ စားရမည် ဟု ယုံကြည်ထားကြသည်။ ယုံကြည်သူများအတွက်တော့ ထိုကဲ့သို့ မဟုတ်ပါ။ ဘုရားသခင် အခွင့်ပေးသမျှသောအားဖြင့် စားရမည်ဖြစ်သည်။ ရှင်မဿဲ ၄း၄ မှာ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည် ဟု ကျမ်းစာက ပြောပါသည်။ အလုပ်လုပ်ဖို့ အခြေအနေ မပေးရင်တောင် ဘုရားသခင်က ကျွေးနိုင်ပါသည်။ အလုပ်လုပ်ရခြင်းသည်လည်း ဘုရားသခင်က လုပ်ဖို့ရန် အခွင့်ပေးသောကြောင့်၊ လုပ်ငန်းခွင်နှင့်ခွန်းအားကိုလည်း ဘုရားသခင်က ပေးထားသည်။ ဣသရေလလူမျိုးများ သဲကန္တာရမှာ ခရီးသွားနေစဉ် ကောင်းကင်မှ မန္နမုန့်ချပေးသည်။ ထိုသဲကန္တာရမှာ လုပ်ငန်းခွင် မရှိ၊ စိုက်ပျိုးရေးလုပ်ငန်းလည်း မရှိသောကြောင့် ဘုရားသခင်က သူတို့မသိသော မန္နမုန့်ကို ချပေးသည်။ ခါနာန်ပြည်လည်း ရောက်သောအခါ မန္နမုန့်လည်း ပြတ်လေ၏။ ခါနာန်ပြည်မှာ စားစရာအဖို့ လယ်ယာထွက် စပါးလုပ်ငန်းများ ရှိသောကြောင့် ဘုရားသခင် မန္နုမုန့်ကို မချပေးတော့ပါ။ (ယောရှု ၅း၁၂)။ မိုဃ်းခေါင်သော ကာလမှာ ဧလိယ အတွက် အစာ ယူဆောင်ပေးဖို့ ကျီးအကို ဘုရားသခင်က စီစဉ်ပေးထားသည်။ (၃ရာ ၁ရး၆)။ ကျွနု်ပ်တို့ စားဝတ်နေရေးအတွက် ဘုရားသခင်က နည်းလမ်းမျိုးစုံ စီစဉ်နိုင်ပါသည်။

မိသားစု (၀၆-၂၄-၂၀၁၈ Mavis Poe Si ဒေသနာမှ)

၁။  ဧဖက် ၃း၁၅ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသော တအိမ်ထောင်လုံးတည်းဟူသော သားတော်အပေါ်တို့၏ အချုပ်အခြာဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။ ဤကျမ်းပုဒ်အရ ကောင်းကင်ပေါ်မှာ ရှိသော အိမ်ထောင်မိသားစုနှင့် မြေကြီးပေါ်မှာ ရှိသော အိမ်ထောင်မိသားစု ဟူ၍ ရှိကြောင်း သိရသည်။ အိမ်ထောင်မိသားစုသည် မည်သူူက အစပြုသနည်း ဟု ကြည့်ရာတွင် (လုကာ ၃း၃၇) အာဒံအဘ ဘုရားသခင် ဟု တွေ့ရသောကြောင့် ဘုရားသခင်မှ အစပြုကြောင်း တွေ့ရသည်။ အာဒံသည် ကျမတို့လို မွေးဖွားလာပြီးမှ တဖြည်းဖြည်းကြီးပြင်းလာသူ မဟုတ်ပါ။ အရွယ်ရောက်ပြီးသား အရွယ်ကို ဘုရားသခင်က ဖန်ဆင်းပြီး၊ ဧဝ နှင့် အိမ်ထောင်ချပေးခြင်းဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၂၈ အရ မြေကြီးပေါ်မှာ ဘုရားသခင်က သူနဲ့တူတဲ့ သားများနှင့် ပြည့်စေပြီး သူ့မိသားစုကို တည်ဆောက်လိုသော ရည်ရွယ်ချက်ရှိသည်။ ပထမ အာဒံ ကြောင့် ထိုမိသားစု ပြိုကွဲပျက်းစီးသွားသည်။ သို့သော် ဘုရားသခင်က နောက်ဆုံး အာဒံ (ယေရှုခရစ်တော်) အားဖြင့် ဘယ်တော့မှ မပြိုကွဲမပျက်စီး၊ စာတန်မဖျက်နိုင်သော မိသားစုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ကျမတို့က ကျေးဇူးတော်ကြောင့် ထိုမိသားစုဝင်ဖြစ်ခွင့်ရသည်။