Sunday, July 22, 2018

နာကျည်းမှုကျော့ကွင်း (၀၇-၂၂-၂၀၁၈ Mavis Poe Si ဒေသနာမှ)

၁။  နာကျည်းမှုဆိုတာ တယောက်ကယောက်က ကိုယ့်အပေါ်ပြောသော စကား (သို့မဟုတ်) အပြုအမှုအပေါ် မကျေမနပ်ဖြစ်ကာ စိတ်နာနေသော ခံစားမှုဖြစ်သည်။ ကျော့ကွင်းကတော့ ဝှက်ထားသော ထောင်ချောက်ဖြစ်သည်။ အဓိပ္ပါယ်မှာ စာတန်က လူတစ်ဦးတယောက်အပေါ် မကျေမနပ်ဖြစ်နေစေသည့်ခံစားမှုဖြင့် ကျော့ကွင်းထဲတွင် မိနေစေချင်သည်။ ထိုခံစားမှု ရှိနေပါက ဝမ်းမြောက်ခြင်းမရှိ ဆက်ဆံရေးမပြေလည်၊ ကွဲပြားမှုဖြစ်ပြီး တသက်လုံး စိတ်ညစ်ခြင်းဖြစ်ရသည်။ မဿဲ ၂၄း၁၁-၁၂ တွင် ပြောသော ဤကာလတွင် အချင်းချင်းမုန်းကြမယ်။ မိစ္ဆာပရောဖက်တွေ ပေါ်လာမယ်။ ချစ်ခြင်းမေတ္တာခေါင်းပါးမယ်လို့ ပြောတာ ယုံကြည်သူအသိုင်းအဝိုင်းထဲမှာ ပေါ်လာမယ်လို့ ပြောခြင်းဖြစ်သည်။ ထိုကြောင့် ယုံကြည်သူ မိသားစု၊ အသင်းတော်၊ မိတ်ဆွေများ အကြားဖြစ်မှာကို သတိပေးခြင်းဖြစ်သည်။


 ၂။  နာကျည်းမှုဖြစ်ရခြင်းက ကိုယ့်ကို အပြောမခံချင်တဲ့ မာနအပေါ်အခြေခံသည်။ တခါတရံ ကိုယ့်ကိုပြောတာ၊ ပြုမှုတာအပေါ် အထင်လွဲပြီး နာကျည်းတတ်တာလည်း ရှိသည်။ တကယ်တော့ ပြောဆို၊ ပြောမှုသူက ဒီလို နာကျည်းပါစေ ဆိုတဲ့ စိတ်နဲ့ လုပ်တာမဟုတ်ပါ။ နောက်တမျိုးက ကြားလူကတဆင့် ပြောခြင်းကို ကိုယ်က သေချာမစစ်ဆေးဘဲ နာကျည်းတာမျိုးလည်းရှိတတ်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် မကျေမနပ်ဖြစ်ပြီး၊ စိတ်နာကျည်းပြီး ဆိုတာနဲ့ စာတန်အကြိုက်ကျော့ကွင်း မိသွားခြင်းပင်ဖြစ်သည်။ ဒီကျော့ကွင်းကနေ မလွတ်မချင်း ဆုံးရှုံးသူက မိမိကိုယ်တိုင်ဘဲ ဖြစ်သွားသည်။ ဒီစိတ်နဲ့ နေသွားရင် အသက်တာထဲမှာ အလိုလိုစိတ်တို၊ စိတ်မော၊ လူတွေနဲ့အဆင်မပြေ၊ မနာလို၊ ခါးသီး၊ မုန်းတီးမှုတွေဖြစ်ကာ၊ ကြာလာရင် ခန္ဓာထဲမှာ ရောဂါရလာမှာ ဖြစ်သည်။ ထိုကြောင့် ဒီလိုခံစားမှုရှိရင် သာမန်ပါဘဲ၊ အရေးမကြီးပါဘူးလို့ မထင်ပါနဲ့။ မြန်မြန်ဖြေရှင်းမှ ကျော့ကွင်းလွတ်မှာလို့ ခံယူပါ။

 ၃။  တချို့ ဘုရားသခင်အပေါ်မှာပင် နာကျည်းတတ်သည်။ ဘုရားသခင်က ငါ ဆုတောင်းတာ အဖြေ မပေးဘူး။ ငါ့မှာ ဒီသားတယောက်ထဲရှိတာ ရုပ်သိမ်းသွားတယ်။ ဒီလူ ငါ့အပေါ် ဒီလိုလုပ်အောင် ဘုရားသခင်က ဘာလို့အခွင့်ပေးရတာလဲ စသည့်ဖြင့် စိတ်နာတတ်သည်။ ဤသို့ မဖြစ်အောင် ဘုရားသခင်၏သဘောတော်၊ စရိုက်လက္ခဏာကို သိထားရမည်။ ဘုရားသခင်က သူ့သားသမီးတွေအကျိုးနည်းဖို့ ဘယ်တော့မှ မလုပ်ပါ။ (ယေရမိ ၂၉း၁၁) မတရားတာက မိမိဖက်ကသာဖြစ်သည်။ ကိုယ်တော်က အမြဲတရားသော ဘုရားသခင်ဖြစ်သည်။ (နေဟမိ ၉း၃၃) လောလောဆယ်ကြုံရတဲ့ အခြေအနေက ကိုယ်မဖြစ်ချင်၊ မကြုံချင်တာ ဖြစ်ပေမဲ့ ပြီးရင် ကိုယ့်အကျိုးအတွက် ဖြစ်တယ်ဆိုတာ တွေ့လာရမယ်။ ဘာကြောင့်လဲဆိုတာ မသိရသေးခင် သခင်ယေရှုပြောတဲ့နည်းလမ်းနဲ့ သူ့လက်ထဲအပ်လိုက်ပါ။ (မဿဲ ၁၁း၂၈-၂၉) စိတ်ထဲမှာ မကျေမနပ်ဖြစ်လာရင် ဒါကို ယေရှုထံယူလာပြီး အပ်နှံမလား။ ကိုယ့်စိတ်ထဲမှာဘဲ နာကျည်းခြင်းကို ခံယူသိမ်းဆည်းထားမလား။ ဒါက မိမိရဲ့ရွေးချယ်မှု ဖြစ်သည်။ ရှေးယုံကြည်သူတို့၏အသက်တာအားဖြင့် ခွန်အားယူကြရအောင်။

၄။  ဒံယေလသည် သူ့ကို မနာလိုတဲ့ အမတ်တွေရဲ့ဂျောက်တွန်းမှုကြောင့် တနေ့သုံးကြိမ် ဘုရားသခင် ဆုတောင်းတဲ့ ပြစ်မှုနဲ့ ခြင်္သေ့တွင်းထဲ ချခံရတယ်။ ဒီလိုအခြေအနေမှာ ဘုရားသခင်ကိုလည်း အပြစ်မတင်၊ ဘုရားသခင်ကိုလည်း စိတ်မဆိုး၊ ဂျောက်တွန်းတဲ့အမတ်တွေကိုလည်း စိတ်မနာတဲ့အတွက် သူ့အသက်တာအားဖြင့် ဘုရားသခင် ဘုန်းထင်ရှားတယ်။ သူကိုယ်တိုင်းလည်း ကောင်းစားခြင်း၊ ချီးမြှောက်ခြင်း ခံရတယ်။
 နောက် နာကျည်းမှုဖြစ်စေနိုင်သူများက သင်းအုပ်ဆရာ၊ ယုံကြည်သူအချင်းချင်း၊ အလွန်ရင်းနှီးသူ၊ မိသားစုဆွေမျိုးများဖြစ်တတ်သည်။ (ဆာလံ ၅၅း၁၂-၁၄) ငါ့ကို ကဲ့ရဲ့သော သူသည် ငါ့ရန်သူ မဟုတ်။ ဟုတ်လျှင်သည်းခံနိုင်၏။ ငါ့ကို ရန်ဘက်ပြုသော သူသည် ငါ့ကို မုန်းသော သူ မဟုတ်။ ဟုတ်လျှင် ထို သူကို ငါ ရှောင်နိုင်၏။ ထိုသို့ ပြုသော သူသည် သင်ဖြစ်၏။ ငါနှင့် ဖက်သော သူ၊ ငါ့မိတ်ဆွေ၊ ငါ့အသိအကျွမ်းဖြစ်၏။ ဒီလို လူတွေအပေါ် နာကျည်းတတ်တာက ကိုယ်နှင့် အလွန်ရင်းနှီးပြီး ကိုယ်မမျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့ တုံ့ပြန်လာရင်  အလွယ်တကူ စိတ်နာသွားတတ်သည်။ အထူးသဖြင့် ကိုယ်အဖိုးအခပေးပြီး အကျိုးပြုထားသူထံမှ ကိုယ်မထင်မှတ်တဲ့ တုံ့ပြန်မှုမျိုးဖြစ်သည်။ အနေနီးရင် အနာကြီးတယ်ဆိုသလို နီးနီးစပ်စပ်ရှိလေ နာကျည်းတတ်လေ ဆိုတာလည်း သတိထားရမည်။ သို့သော ဒီလို ကျော့ကွင်းထဲ မဝင်တဲ့ ယောသပ် အသက်တာကို ဆင်ခြင်ကြမယ်။ (ကမ္ဘာ ၃၇-၄၈။ ၅၀း၁၉-၂၀) ဖခင်က သူ့ကို မျက်နှာသာ ပေးလို့ အကိုများ၏မုန်းတီးခြင်း ခံရသည်။ အိပ်မက်များအရ သူ့ကို ဦးညွှတ်ရမယ် ဆိုတော့ ပိုစိတ်ဆိုးကြသည်။ ဒါနဲ့ ဣရှမေလများထံ ကျွန်အဖြစ် ရောင်းစားလိုက်သည် ပေါတိဖာ မိန်းမမြူဆွယ်တာ လက်မခံလို့ ထောင်ကျရသည်။ သူ စိတ် နာကျည်းစရာ လူများမှာ- ဘုရားသခင်၊ သူ့အကိုများ၊ သခင်ပေါတီဖာ၊ ပေါတိဖာ မိန်းမ စသည့်ဖြင့် များစွာရှိသည်။ ဒီလို စိတ်နာကျည်းနေရင် သူ့ဘဝ ထောင်ထဲမှာဘဲ ကုန်ဆုံးသွားမှာ ဖြစ်သည်။ သို့သော် သူ စာတန်ရဲ့ ကျော့ကွင်းထဲအမိ မခံပါ။ သူကြံလာသမျှ ဘုရားရဲ့အလိုတော်ထဲမှာ ရှိသည်။ ဘုရားသခင်က ဂတိတည်သည်။ အချိန်စောင့်ရမှာ သူသိသည်။ ဘယ်သူ့ကိုမှ အပြစ်မတင်၊ ဘယ်သူ့ကိုမှ မပြစ်မှားတဲ့အတွက် ဘုရင်ခံအဖြစ် ချီးမြှောက်ခြင်းခံရသည်။

 ၅။  ကိုယ်မချစ်နိုင်တော့ဘူး၊ ကိုယ့်မေတ္တာ ခမ်းခြောက်သွားပြီး ဆိုရင် ရန်သူရဲ့ ကျော့ကွင်းထဲ အလွယ်တကူ မိတတ်သည်။ ထိုအခါ ဘုရားသခင်ထံမှ မေတ္တာကို တောင်းခံပါ။ ဘုရားသခင်က သူ့မေတ္တာကို သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ညွှန်းလောင်းပေးသည်။ (ရောမ ၅း၅)
 နာကျည်းစရာ ဖြစ်လာပါက ဘုရားသခင် ကိုယ်ကို ချီးမြှောက်ချင်လို့ စိစစ်နေကြောင်း နားလည်ပါ။ ဒီစစ်ဆေးခြင်းဖြင့် မိမိအသက်တာကို သန့်စင်လာရန်၊ ရင့်ကျက်လာရန် လုပ်ဆောင်နေခြင်းဖြစ်သည်။  သင်အဖြေပေးရမည့် မေးခွန်းမှာ ကိုယ်စိတ်ကြိုက် အသက်ရှင်မလား။ (သို့မဟုတ်) ကိုယ့်အတ္တကို ငြင်းဆန်ပြီး အသက်ရှင်မလား။ သင် ရွေးချယ်ပါ။ ခွင့်လွှတ်ခြင်းကို ရွေးချယ်ခြင်းက ဘုရားသခင်ကို နာခံခြင်း ဖြစ်ပြီး၊ ကျော့ကွင်းမှ လွတ်မြောက်ခြင်းပင်ဖြစ်သည်။

No comments:

Post a Comment