Sunday, June 24, 2018

သာသနာပလူများနည်းတူ - အလုပ်အကိုင်/လုပ်ငန်းနှင့်ယုံကြည်သူများ (၀၆-၁၇-၂၀၁၈ Ro Ling Thang ကျမ်းစာလေ့လာခြင်းမှ)

၁။  ယုံကြည်သူများ အလုပ်လုပ်ကိုင်ရာမှာ သာသနာပလူများ(လောကီသားများ) ကဲ့သို့ စိတ်ထားများ မရှိုဖို့ရန် ကျမ်းစာအားဖြင့် ဆင်ခြင်စေချင်ပါသည်။ သာသနာပလူများက အလုပ်လုပ်မှ စားရမည် ဟု ယုံကြည်ထားကြသည်။ ယုံကြည်သူများအတွက်တော့ ထိုကဲ့သို့ မဟုတ်ပါ။ ဘုရားသခင် အခွင့်ပေးသမျှသောအားဖြင့် စားရမည်ဖြစ်သည်။ ရှင်မဿဲ ၄း၄ မှာ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည် ဟု ကျမ်းစာက ပြောပါသည်။ အလုပ်လုပ်ဖို့ အခြေအနေ မပေးရင်တောင် ဘုရားသခင်က ကျွေးနိုင်ပါသည်။ အလုပ်လုပ်ရခြင်းသည်လည်း ဘုရားသခင်က လုပ်ဖို့ရန် အခွင့်ပေးသောကြောင့်၊ လုပ်ငန်းခွင်နှင့်ခွန်းအားကိုလည်း ဘုရားသခင်က ပေးထားသည်။ ဣသရေလလူမျိုးများ သဲကန္တာရမှာ ခရီးသွားနေစဉ် ကောင်းကင်မှ မန္နမုန့်ချပေးသည်။ ထိုသဲကန္တာရမှာ လုပ်ငန်းခွင် မရှိ၊ စိုက်ပျိုးရေးလုပ်ငန်းလည်း မရှိသောကြောင့် ဘုရားသခင်က သူတို့မသိသော မန္နမုန့်ကို ချပေးသည်။ ခါနာန်ပြည်လည်း ရောက်သောအခါ မန္နမုန့်လည်း ပြတ်လေ၏။ ခါနာန်ပြည်မှာ စားစရာအဖို့ လယ်ယာထွက် စပါးလုပ်ငန်းများ ရှိသောကြောင့် ဘုရားသခင် မန္နုမုန့်ကို မချပေးတော့ပါ။ (ယောရှု ၅း၁၂)။ မိုဃ်းခေါင်သော ကာလမှာ ဧလိယ အတွက် အစာ ယူဆောင်ပေးဖို့ ကျီးအကို ဘုရားသခင်က စီစဉ်ပေးထားသည်။ (၃ရာ ၁ရး၆)။ ကျွနု်ပ်တို့ စားဝတ်နေရေးအတွက် ဘုရားသခင်က နည်းလမ်းမျိုးစုံ စီစဉ်နိုင်ပါသည်။

၂။  သာသနာပလူများက ကြိုးစားရင် အောင်မြင်ကြီးပွါးမည် ဟုဆိုပြီး အောင်းမြင်ဖို့အတွက် ကြိုးစားအားထုတ်ကြသည်။ ယုံကြည်သူများအနေနဲ့ အောင်မြင်ခြင်းအခွင့်ကလည်း ဘုရားသခင်ထံမှ လာသော ကောင်းကြီးမင်္ဂလာ ဖြစ်သည်။ ကမ္ဘာ ၁၂း၂ တွင် အာဗြံဟံအား သင်သည် ကောင်းကြီး ခံရသော သူဖြစ်မည် ဟု ဘုရားသခင် ဆိုသောကြောင့် သူ ရောက်သည့်နေရာတိုင်းမှာ တိုးပွါးသည်။ သိုးနွားသည်လည်း တိုးပွါးသည်။ အမျိုးမျိုးသော နည်းလမ်းအားဖြင့်လည်း လက်ဆောင်ပစ္စည်းများ၊ သိုးနွား၊ ရွေငွေစသည့်တို့ကို ရတတ်သည်။ ယောရှု ၁း၃ မှာ မောရှေ၌ ဘုရားသခင် ဂတိပေးသော စကားကို ယောရှုသည် စွဲကိုင်သောကြောင့် ခါနာန်ပြည်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

၃။  ယုံကြည်သူများသည် လုပ်ငန်းခွင်ထက်၎င်း၊ လုပ်ငန်းရှင်ထက်၎င်း ဘုရားသခင်ကို ပိုကြောက်ရမည်။ ဘုရားသခင်၌ ပိုပြီး သစ္စာရှိရမည်။ ဦးစီးဦးဆောင်သော အကြီးအကဲများကို၎င်း၊ မင်းအာဏာကို၎င်း နားထောင်ဖို့ရန် ကျမ်းစားက ပြောသည်။(ရောမ၁၃း၁)။ သို့သော် ဘုရားသခင်၏အလိုတော်အတိုင်း မဦးဆောင်၊ မစီရင်သော ရှင်ဘုရင်သော်၎င်း၊ အကြီးအကဲများသော်၎င်း နားထောင်ရန်မလို။ ထွက်မြောက်ရာ ၁း၁၇ မှာ ဣသရေလ ဝမ်းဆွဲဆရာမတို့သည် ဘုရားသခင်ကို ပိုကြောက်သောကြောင့်၊ အဲဂုတ္တုရှင်ဘုရင်၏ အမိန့်တော်ကို နားမထောင်ဘဲ ယောကျ်ားသူငယ်တို့ကို အသက်ရှင်ခွင့်ပေးကြ၏။ ဒံယေလ ၃း၁၇-၁၈ မှာ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို လူအပေါင်းတို့သည် ကိုးကွယ်ရမည် ဟု အမိန့်တော် ကြေငြာသော်လည်း- ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ထိုရွှေရုပ်တုကို မကိုးကွယ်ဘဲနေကြသည်။ ရှင်ဘုရင်၏အမိန့်တော်ထက်၊ ရုပ်တုဆင်းတုမကိုးကွယ်ရ ဟူသော ဘုရားသခင်၏အမိန့်တော်ကို ပိုပြီးနားထောင်းကြသည်။ ဒံယေလ ၆း၁၀ မှာလည်း ရက်ပေါင်း (၃၀) အတွင်း ဆုမတောင်းရ ဟု ရှင်ဘုရင် ထုတ်သော အမိန့်တော်ကို ဒံယေလ သိသော်လည်း အရင်ပြုသည့်အတိုင်း တနေ့သုံးကြိမ် ဆုတောင်းနေသည်။ ဘုရားသခင်နှင့်ဆိုင်သော အမှုသည် ရှင်ဘုရင်၏အမိန့်တော်ထက် သာ၍မြင့်မြတ်သောကြောင့်၊ သူပုံမှန်ပြုသော ဝတ်ကို မရပ်တန့်ပါ။ ထိုကြောင့် ဘုရားသခင်၏စကားနှင့် ဆန့်ကျင်ဘက်ဖြစ်သော အမိန့်ပေးစကားတို့ကို ယုံကြည်သူအနေနဲ့ နားထောင်စရားမလိုပါ။ ဘုရားသခင်၏စကားကို သာ၍ နားထောင်ရပါမည်။

၄။  လုပ်ငန်းခွင်၌ ရာထူး၊ အဆင့်အတန်းများကိုလည်း မမဲ့မောဖို့ရန် အရေးကြီးသည်။ ရှင်မဿဲ ၂၀း၂၀-၂၃ နှင့် ရှင်မာကု ၁၀း၃၅-၄၀ တွင် ရာထူးလိုလားသူ ယာကုပ်နှင့်ယောဟန်ကိုတွေ့ရသည်။ ယေရှုက လောကီမင်းများ ကဲ့သို့ အစိုးတရပြုခြင်း၊ အာဏာထားခြင်းကို မလိုလားဖို့ သတိပေးသည်။ ရာထူးမြင့်ခြင်းတို့သည် သူတပါးအတွက် ဆောင်ရွက်ပေးဖို့ရာ တာဝန်တခု ထမ်းဆောင်ခြင်း ဖြစ်သည်။ ထိုကြောင့် ယေရှုက တပည်တော်များကို (ရှင်မာကု ၁၀း၃၃-၃၄) “သင်တို့တွင် အကဲအမှူးပြုလိုသော သူသည် သင်တို့အစေခံ ဖြစ်ရမည်။ သင်တို့တွင် အထွဋ်အမြတ် လုပ်ချင်သော သူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။ ဟု ပြောထားသည်။ ရာထူး(အကြီးအကဲ)သည် လူများအတွက် လိုအပ်သော အရာများ ဆောင်ရွက်ပေးဖို့ရာ တာဝန် ပေးထားခြင်းသာဖြစ်သည်။ ဒံယေလ ၆း၁-၃ တွင် ဒံယေလသည် ဝန်ကြီးအထိ တက်ရခြင်းသည်လည်း ထိုရာထူးကို လိုလားသောကြောင့် မဟုတ်ဘဲ၊ နိုင်ငံတော်လိုအပ်ချက်များအတွက် ဆောင်ရွက်ရန် တာဝန်ယူခြင်းသာဖြစ်သည်။ နိုင်ငံတော်၏အကျိုးကို မယုတ်မလျော့စေဖို့ တာဝန်များ ယူထားကြသည်။ ကမ္ဘာဦးကျမ်း ၄၁း၄၁-၄၅ တွင် ယောသပ်သည်လည်း ရာထူးတက်နေသည်ကို တွေ့ရသည်။ အဲဂုတ္တုပြည်၌ နေသော လူများအားလုံးအတွက် စားနပ်ရိက္ခာ ဖူလုံအောင် ထိန်းသိမ်းပေးရန် ကြီးမားသော တာဝန်ရှိသည်။ ထိုကြောင့် ရာထူးသည် သူတစ်ပါးအတွက် ဖြစ်ပြီး၊ ကိုယ်က အနစ်နာခံခြင်း ဖြစ်သည်။ စွဲလန်းတပ်မက်ဖို့ရန် မဟုတ်ပါ။

၅။  အလုပ်နဲ့ပတ်သက်လာရင် ပျင်းရိသော ယုံကြည်သူ မဖြစ်ဖို့ရန်လည်း အရေးကြီးသည်။ ၂ သက်သာလော ၃း၁၀ မှာ အလုပ်မလုပ်ချင်သော သူမည်သည်ကား အစာကိုလည်း မစားစေနှင့် ဟု ပြောထားသည်။ ထွက်မြောက်ရာကျမ်း ၂၀း၉ မှာလည်း ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့ ဟု ပြောသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ အလုပ်ကို လုပ်ရမည်။ ဘုရားသခင် ပေးထားခြင်း ဖြစ်သည် ဟု သိမှတ်ရမည်။

၆။  ဘုရားသခင် အခွင့်ပေး၍သာ အလုပ်လုပ်ကြသည် ဖြစ်သောကြောင့်၊ ဘုရားသခင်၏ စကားကို ပို၍ နားထောင်းရမည်။ သာသနာပလူများ ကဲ့သို့ မဟုတ်၊ ဘုရားသခင်ကို ခိုလှုံကိုးစားပြီး အလုပ်လုပ်သော ယုံကြည်သူများ ဖြစ်ရကြမည်။

No comments:

Post a Comment